Day 4: Life Lessons That I Learned

April 17, 2025

(ဘဝ သင်ခန်းစာ ၃ ခု)

ငယ်ငယ်လေးကတည်းကနေ အခုထိဆို သက်တမ်း (၆၀) ပဲ ကိုယ်တွေက တွက်တာမို့ သက်တမ်းတစ်ဝက်ကျိုးပြီလို့တောင် ပြောလို့ရတယ်… ၃၄ ဆိုတာလေ… ဘဝနဲ့ ရင်းပြီး ရခဲ့တဲ့တွေ့အကြုံတွေကတော့ အများကြီးပေါ့…ဒီထဲမှာ… မှတ်မှတ်ရရတွေက

အခုထိ နောင်တရ သင်ခန်းစာ ရနေမိတာတစ်ခုက ပညာရေးနဲ့ အချစ်ရေး ရောရာပေါ့… ပညာမကြိုးစားခဲ့လို့ အချစ်နဲ့ ဝေးခဲ့တဲ့အကြောင်း… ရီစရာကြီးမလား… အမှန်ဆို အချစ်နဲ့ နီးလို့ ပညာရေးနဲ့ ဝေးခဲ့တယ်ဖြစ်ရမှာကို ဘယ်လိုကြီးတုန်းဆိုတော့… ဒီလို … ဒီလို… ကိုယ်တွေက စာကြိုးစားတဲ့ထဲ ပါခဲ့ဖူးတယ်… ပထမနှစ်မတိုင်ခင်မှာ…ပေါင်းကူးဆိုတာဖြေရတယ်… ပထမနှစ်ကို အမှတ်နဲ့မတက်ပဲ… ပေါင်းကူးနဲ့တက်ခဲ့တဲ့အချိန်ပေါ့… အဲ့တုန်းက အဆင့်တစ်ခုမှာရှိခဲ့ဖူးတယ်… အဲ့ဒီပညာရပ်ကိုကလဲ ကိုယ်တွေက ငယ်ငယ်ကတည်းက အကျွမ်းဝင်ပြီး ရူးသွပ်တာမို့… စာက ရနေတာ.. မနေ့က ရေးခဲ့သလိုပဲပေါ့… ပထမဆုံး ချစ်ခဲ့ဖူးတဲ့သူက အဖြေပေးတာကို ဒုတိယနှစ်မှာရတယ်…အဲ့ဒီမှာ အချိန်တိုင်း သူ့ဘေးကို ထိုင် သူ့ဘေးမှာပဲ နေရ သူနဲ့သွား သူနဲ့စား သူနဲ့နေပေမယ့် သူနဲ့ စာမလုပ်ဖြစ်ပြန်ဘူး… ဒါတောင် သူက ထိပ်ဆုံး ၅ နေရာမှာ ရှိတဲ့ စာတော်တဲ့သူ… စာအုပ်ထဲအမြဲစာမရှိလို့ အချိန်တိုင်းစာကို ကူးထည့်ပေးတဲ့သူ… စာမရှိဘူးဆိုတော့ စာလိုက်မလုပ်ဘူးလား ဆိုတော့ ဟုတ်တယ်… သူကတော့စာလုပ်ပေမယ့်…ကိုယ်က သူ့ဘေးမှာထိုင်ရင်း သူ့လက်ကို ခိုးကိုင်ပီး… သူ့မျက်နှာပဲ ကြည့်နေတာကိုး…. အဲ့ဒီအကျိုးဆက်က တတိယနှစ် အောင်စာရင်းမှာ ဂုဏ်ထူးတန်းမဝင်တာပဲ… အဲ့လိုမဝင်တာကလဲ ရင်နာစရာကောင်းပြန်တယ်…လူပေါင်း ၃၅ ယောက်လောက်မှာ လူ ၃၀ လောက် ဂုဏ်ထူးတန်းတက်ခွင့်ရတာကို ကျန်တဲ့ ၅ ယောက်ထဲ ကိုယ်တွေက ပါနေတာကိုး…အဲ့ဒီမှာ… ဆက်တက်ခွင့်မရတော့ သူနဲ့လဲ ဝေးသွားတော့တာပါပဲ… အခုထိ… ငါစာလေးများ ကြိုးစားလိုက်မိရင် … ငါ့ဘဝကြီးက သူနဲ့ပဲစပြီး သူနဲ့ ဆုံးရမှာပါလားဆိုပြီး တွေးပြီး နောင်တရနေတုန်းပါပဲ… ဒီတော့ နောက်ပိုင်းမှာတော့ စာနဲ့ပါတ်သက်ရင် ပိုပြီး ကြိုးစားပြီး လုပ်လာမိတယ်… ဒါပေမယ့် သူကတော့ အတိတ်မှာပဲ ကျန်နေခဲ့ပါပြီ

ဒုတိယတစ်ခုက အလုပ်နဲ့ ပါတ်သက်တာပေါ့…ကိုယ့်ဖက်က လုပ်ရမယ့်ကိစ္စဆိုရင် ကိုယ့်အပြစ်မဖြစ်အောင် အဆုံးထိရင်ဆိုင်ပြီး လုပ်ဖို့ပဲ… တစ်ခါက ကိုယ့်အထက်က တစ်ဦးတည်းသော လူကြီးက လုပ်ရမယ့် အဆင့်တွေကျော်ပီး လုပ်တဲ့အခါ အကုန်လုံးနဲ့တိုင်ပင်ပြီး ကိုယ်တွေလုပ်ရမယ့် အဆင့်တွေကို မလုပ်ခိုင်းတော့ပဲ ကျော်ပီးလုပ်သွားခဲ့တယ်… အဲ့တာသိပေမယ့် အထက်လူကြီးက လုပ်တာဆိုတော့ ပြောခွင့်မသာသလို ငြိမ်နေမိသွားခဲ့တာ…တကယ့် အချိန်ရောက်တော့မှ သူက အလုပ်ထွက်သွားတဲ့အချိန် မြှားအားလုံးက ကိုယ့်ဆီလှည့်လာတော့တာပဲ… အဲ့ဒီအချိန်မှ ကတိုက်ကရိုက် အကုန်လိုက်လုပ်ရပေမယ့် အရမ်းအချိန်ကပ်လွန်းတော့ အမှားတွေ များခဲ့ရတယ်… ကိုယ့်အပြစ်ပေါ့… အဲ့ဒီအချိန်ကစပြီး ကိုယ့်တာကိုယ် လုံအောင် စောင့်ရမယ်ဆိုတာကို စိတ်ထဲမှတ်သွားခဲ့တယ်… အတတ်နိုင်ဆုံး အကောင်းဆုံးလုပ်ပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို မလုပ်လို့ ကိုယ့်ကြောင့်အကုန်လုံးက နစ်နာတာမျိုးအဖြစ်မခံတော့ပါဘူး…

နောက်တစ်ခုကတော့ ဘဝရပ်တည်မှုနဲ့ ပါတ်သက်ပြီး… အခုချိန်ထိ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တာ မရှိသေးတော့ ကိုယ့်သူငယ်ချင်းတွေ.. ကိုယ့်စီနီယာ ဂျူနီယာတွေက ဘဝတစ်ခု၊ မိသားစုတစ်ခု ၊ အလုပ်တစ်ခုမှာ ခိုင်ခိုင်မာမာဖြစ်နေတာကိုတွေ့တော့ အားကျရတယ်…. ကိုယ်တွေကတော့ မိသားစုကြောင့်၊ ချစ်သူကြောင့် ဆိုပြီး ကိုယ့်ရဲ့ မပြတ်သားတဲ့စိတ်ကို ဖုံးကွယ်ပြီး သူများကို အပြစ်တင်ရင်းနေလာလိုက်တာ… သူတို့ရဲ့ အရိပ်အောက်မှာပဲ အရောင်တွေ ပြောင်းနေလိုက်တာ… အခုချိန်ထိကို ပိုင်ပိုင်နိုင်နိုင် ဘဝတစ်ခုရယ်လို့ မဖြစ်လာသေးဘူး…ဒါကတော့ ကြိုးစားရဦးမှာပါ…. ကိုယ့်ဘဝနဲ့ကိုယ်မှန်းသိပေမယ့်…သူများနဲ့ ယှဥ်စရာမလိုမှန်းသိပေမယ့်လည်း ခံစားချက်ကြီးကတော့ ဘာလိုလိုပါပဲ…

ကျေးဇူးတင်ခြင်း

  1. ကိုယ့်ကိုကိုယ်…အသက်ရှင်နေသေးလို့ ကျေးဇူးတင်တယ်
  2. မိဘတွေ အသက်ရှင်နေသေးလို့ ကျေးဇူးတင်တယ်
  3. ကိုယ့်မျက်စိ ရှေ့က လူကြီး သူမ တွေ အသက်ရှင်နေသေး မြင်နေရသေးလို့ ကျေးဇူးတင်တယ်
  4. အကိုနဲ့ အမ၊ ဆွေမျိုးတွေ… အသက်ရှင်နေသေးလို့ ကျေးဇူးတင်တယ်
  5. ကွန်ပျူတာလေး မပျက်သေးလို့ ကျေးဇူးတင်တယ်
  6. သင်တန်းပြုလုပ်ပေးတဲ့ VLOG BY HSU အသက်ရှင်နေပေး၊ ဆက်ရှိနေပေးလို့ ကျေးဇူးတင်တယ်
  7. အသဲပေးတဲ့ သင်တန်းဖော်တွေနဲ့…သင်တန်းသူ/သင်တန်းသားတွေ … ဒီစာကို တကူးတက လာဖတ်သူတွေ အသက်ရှင်နေပေးလို့ ကျေးဇူးတင်တယ်

ကဲ…. ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ…