Day 1: Current Feelings
လက်ရှိ စိတ်အခြေအနေကတော့ တစ်ရက်တစ်ရက်ကို ဘယ်လို ကုန်သွားလို့သွားရမှန်း မသိအောင်ပဲ ကုန်ဆုံးချင်နေတယ်… သူများတွေ ပျော်နေတာမြင်ရလဲ မပျော်နိုင်သလို ရယ်စရာပြောရင်တောင်မှ မရယ်နိုင်ခဲ့တာ အတော်ကြာပီပဲ… အရာအားလုံးကို အပြစ်လှည့်တင်ရင်းနဲ့ နောက်ဆုံးမှာတော့ ကိုယ့်ကိုကိုယ်ပဲ အပြစ်တင်လိုက်တော့တယ်… ဘာကြောင့် ငါလဲ… ဘာကြောင့် ငါမှ ဒီလိုဖြစ်နေရတာလဲ… ဘာ့အတွက် ငါလဲ…
ကိုယ့်ရဲ့အကောင်းဆုံးသောအချိန်တွေကို.. အလဟဿ အဖြစ်ခံပြီး… နေနေရတယ်… ရှောင်ထွက်သွားပြီး တစ်နေရာရာမှာ တစ်ခုခု လုပ်လို့ရတာပဲ ပြောတဲ့သူက ပြောကြလိမ့်မယ်… အရာအားလုံးကို ထားခဲ့ပြီး ထွက်သွားနိုင်မယ့် အချိန်က ရှိလာနိုင်ဖို့မလွယ်ဘူး… ကိုယ့်မိဘ ကိုယ့် ဆွေမျိုးသားချင်း တွေကို ချန်ထားပြီး ထွက်သွားမယ်ဆိုရင်ကော… ပျော်ရွှင်နိုင်မယ် မထင်ဘူး… ကိုယ် ကိုယ်တိုင်ကိုက အမြဲသူများအတွက်တွေးနေမိတာပဲလေ… ပျော်နိုင်မှာမဟုတ်တဲ့အတွက်… ရှောင်ထွက်သွားရမှာကိုလဲ .. မရွေးချယ်ဘူး…
ဒီလိုတွေဖြစ်နေတာက ကိုယ်တစ်ယောက်တည်းမဟုတ်မှန်းတော့သိပေမယ့်… ဒါက စိတ်သက်သာစေမယ့် အချက်အလက်တစ်ခုတော့မဟုတ်ဘူးရယ်… လက်ရှိအခက်အခဲကို ကိုယ်စွမ်းကိုယ်စနဲ့ ဖယ်နိုင်မလားဆိုတော့လဲ နိုးပဲ… ဒါက ကိုယ်တစ်ယောက်တည်း ရုန်းကန်လို့ရမယ့် အရာလဲ မဟုတ်နေဘူးလေ…
ဒီတော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကလူတွေအတွက် ကိုယ့်ရဲ့ဖြစ်တည်မှုကို သူတို့အတွက် နည်းနည်း ဖြစ်ဖြစ် အသုံးဝင်မယ့် နည်းလမ်းတွေ ရှာဖွေမယ်… Community ကို Contribute လုပ်ရင်းနဲ့ပဲ အချိန်တွေကို အတတ်နိုင်ဆုံး ကုန်အောင် ဖြတ်သန်းမယ်ပေါ့်… တစ်နေ့ရောက်တဲ့အထိ…
အဲ့တစ်နေ့က ရှင်သန်ရင်း လွတ်မြောက်နိုင်တာပဲ ဖြစ်ပါစေလို့တော့… ဆုမတောင်းချင်ပါဘူး… မရှင်သန်ပဲ ထွက်ခွါသွားရတဲ့… လူတွေကိုလဲ အားနာမိပါတယ်… နည်းအမျိုးမျိုးနဲ့ လူတွေ ထွက်ခွါသွားရတယ်… ဒီအတွက်လဲ ကိုယ်မလုပ်နိုင်တာတွေအတွက် အပြစ်မကင်းသလိုခံစားမိနေတုန်းပဲ…
ဒီနေ့အတွက်တော့ အရင်ဆုံး ကိုယ့်ကိုကိုယ် ကျေးဇူးတင်မိတယ်… မသေပဲ တောင့်ခံထားနိုင်လို့… လောကကြီးရဲ့ လောကဓံတွေကို ခံနိုင်အောင် တောင့်ခံပေးထားနိုင်လို့… ဒုတိယကတော့ မိဘတွေပေါ့… သူတို့ရှိနေလို့ပဲ ရှင်သန်ဖို့ ကြိုးတစ်ချောင်းရှိနေတာ… တတိယကတော့ ကိုယ့်ကို Financial Support အဓိကပေးနေတဲ့ အမ ရယ်… စတုတ္ထ ကတော့ ချက်ကျွေးနေတဲ့ အကိုပေါ့… ပဥ္စမကတော့ ဒီလို ရေးသားဖို့ စီစဥ်ပေးတဲ့ VLOG BY HSU… ဆဌမ ကတော့ ကိုယ်တွေရဲ့ လက်သုံးတော် ကွန်ပျူတာလေး … မပျက်မစီးပဲ အကောင်းအတိုင်းရှိနေသေးလို့… သတ္တမကတော့… အခုလို ကိုယ့်ရဲ့ ဖြစ်တည်မှုကို တည်ရှိကြောင်း သတ်မှတ်ပေးနေကြတဲ့ ပတ်ဝန်းကျင်က လူတွေကိုပေါ့… ဒီနေ့အတွက်ကတော့ ဒီလောက်ပါပဲ…